Thursday, December 8, 2011

ဒေါ်အောင်ဆန်းစုကြည် နှင့် ဟီလာရီ တို့တွေ့ဆုံမှုအပြီး မီဒီယာများသို့ သတင်းထုတ်ပြန် ..




           ရန်ကုန် ၊ ဒီဇင်ဘာ - ၂
ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယနေ့တွေ့ဆုံမှုအပြီး ကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က 
ဒေါ်အောင်ဆန်းစုကြည်အား ခိုင်မာပြီး အလွန်ရှင်းလင်းပြတ်သားသော ခေါင်းဆောင်မှုအတွက်
ကျေးဇူးတင်ကြောင်းပြောကြားပြီး  အမေရိကန်ပြည်ထောင်စုသည်  မြန်မာနိုင်ငံတွင် အခြေအနေများ တိုးတက်ကောင်းမွန်ရေးအတွက် အစိုးရနှင့်ရော ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့  ဒီမိုကရေစီအရေး
လှုပ်ရှားသူများနှင့်ပါ ပူးတွဲအလုပ်လုပ်လိုကြောင်းပြောကြားလိုက်သည်။       
                           
 ယနေ့ နံနက်ပိုင်းက ကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ၊ ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် ( ၂ ) နာရီနီးပါး
ကြာ တွေဆုံမှုအပြီး နှစ်ဦးစလုံးက ခရီးစဉ်နှင့်ပါတ်သတ်၍ မီဒီယာများသို့ ( ၇ ) မိနစ်ကြာ ထုတ်ပြန်ပြောဆိုမှု
တစ်ရပ်ပြုလုပ်ရာ၌ အထက်ပါတိုင်းပြောကြားခဲ့ခြင်းဖြစ်သည် ။   

  ကျွန်မတို့ အတူတကွရှေ့  ဆက်တိုးတက်နိုင်မယ်ဆိုရင် ဒီမိုကရေစီစနစ်ဆီသွားမဲ့လမ်းကနေ နောက်ပြန်
ဆုတ်စရာ အကြောင်းမရှိတော့ပါဘူးလို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ အခုထက်ထိ အဲဒီလမ်းပေါ် ကျွန်မတို့
မရောက်သေးပါဘူး  ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသည်။

 ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာအစိုးရနှင့် အမေရိကန်ထိတွေဆက်ဆံမှုကို အလွန်တန်ဖိုး
ထားကြောင်း ပြောကြားခဲ့သည်။ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးနှင့် တိုင်းရင်းသားလူမျိုးစု
ပြဿနာများရပ်တန့်ရေးကိုလည်း တောင်းဆိုခဲ့သည် ။

ကန်နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်နှင့် ပါတ်သတ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားရာတွင်
နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်သည် သမိုင်းဝင်ခရီးစဉ်တစ်ခုဖြစ်ကြောင်း ၊ ထို့ကြောင့် အမေရိကန်နိုင်ငံကို
ကျေးဇူးတင်ရှိပါကြောင်း လက်ရှိ ကန်အစိုးရ၏စေ့စပ်ဆွေးနွေးမှုတစ်ရပ်ဖြစ်ကြောင်း ၊ ပြည်တွင်းတွင် တရားဥပဒေစိုးမိုးရေးသည် အရေးကြီးကြောင်း စသည်ဖြင့် ပြောကြားခဲ့သည် ။

ဟီလာရီကပြောကြားရာတွင် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသောတိုင်းရင်းသားဒေသ ပဋိပက္ခများ
အဆုံးသတ်ပြီး နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး ၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ
ဟု ယုံကြည်ရသော အခြေအနေများ ရှိလာပါက ယခုထက်ပို၍ အမေရိကန်သည် မြန်မာနိုင်ငံနှင့် အလုပ်လုပ်နိုင်မည်ဖြစ်သည်ဟု ပြောကြားခဲ့သည် ။

ထို့ပြင် ဟီလာရီကလင်တန်က အနာဂတ်တွင် မြန်မာနိုင်ငံသားတိုင်းသည် မှန်ကန်သော နေရာတွင် ရပ်တည်နိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့သည် ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်သော ဦးဝင်တင်က ဟီလာရီနှင့် တွေ့ဆုံ
ဆွေးနွေးမှုနှင့်ပတ်သတ်ပြီး  ဟီလာရီရဲ့  တုန့်ပြန်မှုတွေကို အားရကျေနပ်ပါတယ် ၊ သူပြောတဲ့ စကားတွေက
ကတိက၀တ်သဘောဆောင်တယ် ၊ ဥပမာ - နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးရေးတို့ ၊ တိုင်းရင်းသား
ကိစ္စတွေ ဖြေရှင်းရေးတို့မှာ ကတိက၀တ်ပြုတဲ့ သဘောမျိုး အလေးအနက်ပြောဆိုသွားတာတွေကို အားရ
ကျေနပ်ပါတယ်  လို့ တွေဆုံမှုအပြီး သတင်းထောက်များ၏မေးမြန်းမှုကို ဖြေကြားသွားပါသည် ။

 7 day news မှ သတင်းထောက် မအိဖြူလွင် ၏ သတင်းကို တိုက်ရိုက်ကူးယူဖော်ပြပါသည်။ 

No comments:

Post a Comment